Sunday, December 14, 2008

(၀း ၁း ၀)
ပန်းများ အသစ်တဖန်ပွင့်ဦးမည်ဆိုပါက
‘သူမ’ ရှိရာအရပ်သို့သာ မျက်နှာမူကြစေကုန်သတည်း

(၀း ၁း ၁)
‘ကိုယ့်ဆီ’ ဖွင့်ထားတဲ့တံခါးရွက်တို့မရှိ၊ ပိတ်ထားတဲ့ တံခါးရွက်တို့မရှိ…..
အဲဒီရှေ့မှာမှ နင်ဘာလို့လာရပ်ခဲ့သလဲကွယ်။
အခုဆို…. ကောင်းကင်ကိုမမြင်တော့ မြေပြင်ကိုမမြင်တော့
မိတ်ဆွေ၊ ရွှေမြို့တော်၊ ခေါ်သံ၊ ပြန်ချိန်၊ တိမ်လွှာ…. မမြင်တော့ မကြားတော့
မမြင်ရ မကြားရတော့….
နင်ကလွဲလို့ မမြင်တတ်တော့ဘူးကွယ်။

(၀း ၁း ၂)
ဘယ်လိုဒေသစံတော်ချိန်နဲ့မဆို နင့်ကိုသတိရ…. ထိထိရှရှလွမ်းတယ်
ကောင်မလေးရေ……
သနားသောအားဖြင့် နင့်ကိုယ်နင် ကိုယ့်အနားထပ်လာဖို့ သတိပေးပါ။

(၀း ၂း ၀)
ကျိန်စာဒုက္ခ ရောက်ရမည်ဆိုလျှင်ပင်
ခြေလှမ်းတို့အား သူမ၏ဆန့်ကျင်ဘက်သို့ ဦးတည်မည်မဟုတ်ချေ

(၀း ၂း ၁)
ယုံကြည်မှုကိုပဲကိုးကွယ်ပြီး ဆောင်ဓါးကိုလွယ်မိပါတယ်။
ခရီးလမ်းက ကြမ်းရှရင့်အိုနေပါစေ…..
လမ်းပြကြယ်တို့လင်းနေရုံနဲ့တင် ကိုယ့်အတွက်လုံလောက်ပါရဲ့
ပြုံးနေပါသလား…
နင် တကယ်ပဲ ပြုံးထားပါရဲ့လားကွယ်။

(၀း ၂း ၂)
‘နင့်အကြောင်း’ စာစီစာကုံးတွေ စာလုံးပေါင်းမမှားအောင်ရေးကြည့်ချင်တယ်
တွေးမိသမျှစိတ်ကူးတို့အတွက် အခါခါကြည်မွေ့မိ
ဘယ်နေ့ရယ်လို့တော့ အတိအကျမသိပါဘူး။
ဒါပေမယ့်….. မရောက်ရောက်အောင်လာခဲ့မယ်
ကိုယ့်ကို ခေါင်းစဉ်တစ်ခုခုတပ်ပေးပါကွယ်……..

(၀း ၃း ၀)
ခရီးဦးဆုမွန်တို့ မရှိဆိုစေ
ဝင်ခွင့်စကားကြားရသည်၌ ပျော်ပိုက်ရာ၏

(၀း ၃း ၁)
အငြင်းဝါကျတို့ ဆွံ့ ကန်းသွားပါ….
နင်က မီးတစ်စဖြစ်ရင် ကိုယ်ကမီးအိမ်တစ်လုံးဖြစ်ရမယ်
နင်က နွေရာသီဖြစ်ရင် ကိုယ်ကဥသြတစ်ကောင်ဖြစ်ရမယ်
အငြင်းစကား မကြားရတဲ့ကမ္ဘာဖြစ်စေတော့

(၀း ၃း ၂)
ကိုယ်တို့ လက်တစ်ကမ်းစာပဲဖြစ်ဖြစ် ချစ်ကြ
ဖြည်းဖြည်းချင်း တမ်းတမ်း မှန်းမှန်း လွမ်းကြရအောင်ကွယ်
တကယ်တော့ ကောင်မလေးရယ်…..
ရပ်တန့်နေတာထက်စာရင် ရွေ့လျားရခြင်းက ပိုကောင်းပါလိမ့်မယ်။

(၀း ၄း ၀)
လှိုင်းဒဏ်လေဒဏ် နူးညံ့ငြိမ်သက်သည်ရှိသော်
သက်တံ့ရောင်စဉ်တို့ တ၀ုန်းဖြိုးဖြိုး သက်ဝင်လှုပ်ရှားကြအံ့။ ။

နေမင်းညို

0 Comments:

Post a Comment